♥♥♥
အဏ္ဏ၀ါစစ်သည်
( အခုတစ်လော ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြင်ဆင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး လူပြောသူပြော များနေတဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို ပြည့်ပြည့် စုံစုံ ရှင်းပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ လူငယ်တွေအတွက် မှတ်မှတ် သားသား လေ့လာ ရေးသား တင်ပြပေးတဲ့ ဆရာ အဏ္ဏ၀ါ စစ်သည်ရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆောင်းပါးက ရှည်နေလို့ အပိုင်းလိုက် ဖော်ပြပေးပါ့မယ်။ )
ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရင်း ကေအိုင်အိုအဖွဲ့က အစိုးရကို ပင်လုံစာချုပ်ပါ အချက်များကို အကောင် အထည်ဖော်ရေး တင်ပြထားကြောင်း၊ ပင်လုံစာချုပ် အတိုင်းသာ အကောင် အထည်ဖော်လျှင် အလိုအလျောက် လက်နက် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ပြောဆို တင်ပြမှုတွေကို သတိပြုမိသည်။ ထို့နောက် ကချင် ပြည်နယ်နေ့၊ မနောပွဲ၊ ကေအိုင်အိုအဖွဲ့က လက်နက်နှင့် ပွဲတက်ရောက်ခွင့် စသည့် သတင်းများကို ဆက်ပြီး ကြားရသည်။ ယနေ့ကချင်ပြည်နယ် အခြေအနေကို ပကတိ အတိုင်း မြင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မည်ကဲ့သို့ ပေါ်ပေါက်လာသည်။ ပင်လုံစာချုပ်တွင် ကချင်ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်၊ ပင်လုံစာချုပ်က ဘာကို ဆိုလိုသည်ကို သိရန်လိုပါသည်။ ဒါတွေမပြောခင် မြန်မာနိုင်ငံ အပေါ် ကိုလိုနီ အုပ်ချုပ်ရေး မည်ကဲ့သို့စတင် ရောက်ရှိ လာသည်ကို အကျဉ်းမျှ သိဖို့လိုပါသည်။
အင်္ဂလိပ်လက်အောက်မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသ အင်္ဂလိပ် လက်အောက် ရောက်သည်။ သို့သော် အင်္ဂလိပ်တို့က ရခိုင်နှင့်တနသာင်္ရီကို ပုံစံ တစ်ခုတည်းဖြင့် အုပ်ချုပ်ခဲ့ခြင်း မဟုတ်။ သူတို့ လိုအပ်ချက်အပေါ် မူတည်ပြီး ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဤချဉ်းကပ်ပုံ သည်ပင် အင်္ဂလိပ်တို့၏ ကိုလိုနီ အုပ်ချုပ်ရေး အဓိကလက္ခဏာ ဖြစ်သည်ကို နောက်ပိုင်းတွင် ပိုပြီးတွေ့နိုင်သည်။ ရခိုင်က အိန္ဒိယနဲ့ နီးတော့ ပထမပိုင်းမှာ အိန္ဒိယ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်သည်။ ၁၈၃၀ ကျတော့ စစ်တကောင်း တိုင်းမင်းကြီး လက်အောက်မှာ ထားပြီး ၀န်ထောက် တစ်ယောက်က အုပ်ချုပ်ခဲ့သည်။ ၁၈၃၅ ခုနှစ်ကစပြီး ၁၈၅၂ ခုနှစ်အထိ ဘင်္ဂလားပြည်နယ်၏ နယ်တစ်နယ် အဖြစ် သတ်မှတ်ပြီး ဘင်္ဂလား ပြည်နယ် အစိုးရက တိုက်ရိုက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန်က စပြီး ဘင်္ဂလား ပြည်နယ် အတွင်းရှိ မူစလင်များသည် ရခိုင်ဒေသသို့ အတားအဆီး မရှိ ၀င်ရောက် နေထိုင် ခွင့်ရခဲ့သည်။ နောင် ရိုဟင်ဂျာ ဖြစ်လာမည့် ကုလားများ၏ ဘိုးဘေးများပင် ဖြစ်သည်။ တနသာင်္ရီ ဒေသကိုတော့ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ပြီး ပီနန်ကျွန်းများ အရာရှိများကို အုပ်ချုပ်ရေး တာဝန်ပေးခဲ့သည်။
၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပြီးသည့်အခါ ပဲခူးနှင့် မုတ္တမနယ်များ အင်္ဂလိပ် လက်အောက် ရောက်သွားပြန်သည်။ အင်္ဂလိပ်တို့က မုတ္တမကို တနသာင်္ရီ ဒေသ အောက်ထည့်ပြီး ရန်ကုန်ပါတဲ့ ပဲခူးနယ်ကိုတော့ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်မှာ ထားခဲ့သည်။ ထိုကဲ့သို့ အုပ်ချုပ်ခဲ့သည်မှာ ၁၈၆၂ ခုနှစ် အထိ ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင်မူ အုပ်ချုပ်ရေး စနစ်ကို ပြန်ပြောင်းပြီး မြန်မာပြည်တွင် မဟာဝန်ရှင်တော် မင်းကြီးတစ်ဦး ထားပြီး ၎င်း၏ လက်အောက်တွင် ရခိုင်၊ တနသာင်္ရီ၊ ပဲခူး ဒေသတစ်ခုစီ အတွက် ၀န်ရှင်တော် မင်းကြီးတစ်ဦး ( Commissioner) စီထားပြီး အုပ်ချုပ်ပါသည်။ မဟာဝန်ရှင်တော်မင်း ကြီးက အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိပြီး ဥပဒေပြုခွင့် အာဏာမရှိဘဲ ဘုရင်ခံချုပ် ချမှတ်ပေးတဲ့ ဥပဒေများ အတိုင်းသာ အုပ်ချုပ်ရသည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးချိန်တွင် ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အထက် မြန်မာနိုင်ငံကို ဘုရင်မပိုင် နယ်မြေ အဖြစ် အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ မေလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်ကို ချန်လှပ်ပြီး အထက် မြန်မာနိုင်ငံကို ဇယားဝင် စီရင်စုနယ် (Scheduled District) အဖြစ် ကြေညာခဲ့သည်။ တနည်းအားဖြင့် ကျန်မြန်မာနိုင်ငံ အစိတ်အပိုင်း များနှင့် ရှမ်းပြည်နယ်ကို ခွဲခြား အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အင်္ဂလိပ်တို့သည် တောင်တန်း ဒေသများသို့ တပ်ဖွဲ့များ စေလွှတ်ပြီး အုပ်ချုပ်ရေး စနစ်ကို အခြေခိုင်အောင လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာမင်းများ သြဇာအာဏာ ခိုင်မြဲခဲ့သည့် ဒေသများနှင့် မြန်မာမင်းများ၏ အစောင့်ရှောက်ခံ၊ အခွန်ဆောင် ဒေသများ ဖြစ်သည့် တောင်တန်း ဒေသများကို ခွဲခြား အုပ်ချုပ်ရန် လိုအပ်သည်ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ၁၈၉၅ ကချင် တောင်တန်း ဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်း ဥပဒေတို့ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်ရေး စနစ်ကို သီးခြား ဆောင်ရွက်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပြောင်းလဲ ကျင့်သုံးချိန်တွင် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့ကို မဖွံ့ဖြိုးသေးသော ဒေသများအဖြစ် သတ်မှတ်ပြီး မြန်မာပြည် အုပ်ချုပ်ရေး စနစ်အတွင်း မထည့်သွင်းပဲ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ခဲ့ သည်။ ၁၉၃၅ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေးကို ပြင်ဆင် ကျင့်သုံးချိန်တွင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် တို့ကို အပိုင်း (၁)၊ အပိုင်း (၂) နယ်မြေများဟု ခွဲခြားပြီး သီးခြား အုပ်ချုပ်ခဲ့ပြန်သည်။ ဤသည်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး စနစ် ကျင့်သုံးခဲ့ပုံ အကျဉ်းဖြစ်သည်။
ကချင်တောင်တန်းဒေသအုပ်ချုပ်မှု
ကချင် တောင်တန်း ဒေသကို အင်္ဂလိပ်တွေ ခွဲခြား အုပ်ချုပ်ဖို့ လုပ်ချိန်တွင် ထိုဒေသမှာ ကချင် တစ်မျိုးတည်း မဟုတ်၊ ခန္တီးရှမ်း၊ ရ၀မ် စတာတွေ ရှိနေသည်။ ကချင်ထဲမှာလည်း လူမျိုးစုတွေ ကွဲနေသည့် အပြင် လချိတ်တွေက သူတို့က ကချင်မျိုး မဟုတ်ဘူးလို့ ပြောဆိုမှုများ နှင့်လည်း ကြုံရသည်။ ထို့ကြောင့် ကချင် တောင်တန်းဥပဒေ ပုဒ်မ ၁ (၃) တွင် ဤဥပဒေသည် ကချင် လူမျိုးများနဲ့သာ ဆိုင်သည်ဟု ဖော်ပြခဲ့ရသည်။ ၁၈၉၅ ဥပဒေအရ ကချင် တောင်တန်း ဒေသတွင် အောက်ပါ နယ်မြေများ ပါဝင်သည်ဟု သတ်မှတ် ခဲ့သည်ကို တွေ့ရသည်-
၁။ ဗန်းမော်စီရင်စု အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာ ရွှေကူ တောင်တန်းနှင့် စိန်လုံကဘား ဒေသ ( ဗန်းမော် မြေပြန့် ဒေသမပါ)။
၂။ မြစ်ကြီးနား စီရင်စုအတွင်းရှိ ဆဒုံးဆမား ကချင် တောင်တန်း ဒေသ၊ ကာမိုင်း၊ ထောဂေါ ကချင် တောင်တန်း ဒေသ ( မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသများမပါ။)
၃။ ကသာစီရင်စု အတွင်းရှိ ကချင် တောင်တန်း ဒေသ ( ကောက်ကွေ့ချောင်း ဒေသကို ဆိုလိုသည်။ )
၎။ ပူတာအိုစီရင်စု။
၅။ မိုးမိတ်နယ်ရှိ ကချင် လူမျိုးများ နေထိုင်ရာဒေသ။
၆။ မြောက်ပိုင်း ရှမ်းပြည် မြောက်သိန္ဒီနယ် အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာဒေသ။
ကချင်ပြည်နယ် အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် လူမျိုးများမှာ ဒူဝါများ၊ တောင်ပိုင်များ၏ အုပ်ချုပ်မှုဖြင့် တောင်တန်း များပေါ်တွင်သာ နေထိုင်နေခြင်း ဖြစ်သည်။ မိုးကောင်း၊ မိုးညှင်း ဒေသများက ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က မြစ်ကြီးနားမြို့ကို အသစ် တည်ဆောက်ပြီး အုပ်ချုပ်ရေးမြို့ အဖြစ် ထူထောင်ခဲ့ရသည်။ ထိုမြို့တွင် ကုလား၊ ဂေါ်ရခါးနှင့် ဗမာ၊ ရှမ်းတို့သာ အဓိက နေထိုင်ခဲ့ကြသည်။ ၁၈၈၇ ခုနှစ်တွင် အင်္ဂလိပ်အမှတ် ၄၄ဂေါ်ရခါး တပ်ရင်းက ယခုမြစ်ကြီးနားမြို့နေရာအနီးရှိ ဆနာရွာကို ရောက်ရှိသည်။ ထိုအချိန်က ဆနာရွာတွင်အိမ်ခြေ ၁၅ အိမ်ခန့် သာရှိသည်။ အင်္ဂလိပ်တို့က ထိုရွာကို The Village by the Great River ဟု ပြောရာမှ မြစ်ကြီးနားဟု အမည်တွင်သည် ဟုဆိုသည်။ နောက်တစ်မျိုးကတော့ အကျဲဝါ၏ လယ်ကွင်းကို ကချင်လို အကျဲနာဟု ခေါ်ရာမှ မြစ်ကြီးနား ဖြစ်သည်ဟုလည်း ဆိုသည်။ မည်သို့ဖြစ်စေ ၁၈၉၁ ခုနှစ်တွင် မြစ်ကြီးနားတွင် အုပ်ချုပ်ရေးရုံး စတင် ဖွင့်လှစ်ပြီး ၁၈၉၅ ခုနှစ်တွင် ခရိုင်ဝန် ရုံးစိုက်ရာ ဖြစ်လာသည်။
၁၉၂၃ ခုနှစ်ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် တောင်တန်း ဒေသများသည် ပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်ခြင်း မရှိဘဲ ဆက်လက် ချန်လှပ် ထားခြင်း ခံရသည်။ ၁၉၃၅ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို ကျင့်သုံးသည့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ ကျင့်သုံးချိန် တွင်လည်း ကချင် တောင်တန်း ဒေသများကို ဆက်လက် ချန်လှပ်ထားခဲ့သည်။ ထို ၁၉၃၅ ခုနှစ် ဥပဒေအရ တောင်တန်း ဒေသများကို အပိုင်း ၁ ဇယားဝင် ဒေသများ ( Part I Scheduled Areas)နှင့် အပိုင်း ၂ ဇယားဝင် ဒေသများ ( Part II Scheduled Areas)ဟု ခွဲခြားခဲ့ သည်။
ကချင်ဒေသ အတွင်းမှ အပိုင်း ၁ ဇယားဝင် ဒေသများမှာ အောက်ပါ အတိုင်း ဖြစ်သည်- ( ချင်း၊ ရှမ်းပြည်နယ် တို့နှင့် သက်ဆိုင် သော သတ်မှတ်ချက်များကို ဆောင်းပါး မရှည်စေရန် အတွက် ချန်ထားခဲ့ပါသည်။ )
၁။ မြစ်ကြီးနား၊ ကသာနှင့် ဗန်းမော် စီရင်စုတွင် ပါဝင်သော ကချင်တောင်တန်း ဒေသများ ( အထက်ပါ ၁၈၉၅ ဥပဒေ အရ သတ်မှတ် ထားသည့် နယ်များ)။
၂။ တြိဂံနယ်မြေ ( မေခနှင့် မေလိခမြစ်နှစ်ကြားဒေသ)
၃။ ဟူးကောင်းတောင်ကြားဒေသ။
၎။ လက်ရှိအင်္ဂလိပ်အုပ်ချုပ်မှုမရှိသေးသောဒေသများ။ ( နယ်စပ်ဒေသများကိုဆိုလိုသည်။ )
ကချင်ဒေသ အတွင်းမှ အပိုင်း ၂ ဇယားဝင်ဒေသများမှာ အပိုင်း ၁ တွင် မပါဝင်သော မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ် အပိုင်းများ ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က အပိုင်း ၁ ဒေသတွေ ပိုမို တိုးတက်လာရင် အပိုင်း ၂ ကို အဆင့်မြှင့်ပေးမည် ဖြစ်ကြောင်း၊ အပိုင်း ၂ ဒေသများကိုလည်း နိုင်ငံရေး အရ ပိုမို တိုးတက် လာလျှင် ဘုရင်ခံနှင့် ၀န်ကြီးအဖွဲ့က အုပ်ချုပ်သည့် မြန်မာပြည်မ ဒေသများနှင့် ပေါင်းစည်း ပေးမည်ဟု လည်းကောင်း ဥပဒေတွင် ဖော်ပြခဲ့သည်။ ထိုအချက်မှာ တောင်တန်း၊ ပြည်မ ခွဲခြား အုပ်ချုပ်မှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် နေသူများအား ချွေးသိပ်ခဲ့ခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်အထိ ၁၉၃၅ ခုနှစ် ဥပဒေပါ နယ်မြေ သတ်မှတ် ချက်များမှာ အပြောင်း အလဲ မရှိခဲ့ပေ။ ထို့အပြင် အင်္ဂလိပ်တို့က ဇယား ၁ ၀င်ဒေသများကို ဇယား ၂ သို့ ပြောင်းပေး နိုင်သော်လည်း ဇယား ၂ ဒေသများကို ဇယား ၁ ဒေသများသို့ ပြောင်း၍မရ ကြောင်း ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။ ထိုအချက်သည်လည်း ဘုရင်ခံ အုပ်ချုပ်သည့် တောင်တန်း ဒေသများကို အကြောင်း အမျိုးမျိုး ပြပြီး ချဲ့ထွင် လာမည်ကို စိုးရိမ်သော မြန်မာ နိုင်ငံရေး သမားများ၏ ကန့်ကွက်ချက်ကို လိုက်လျော ခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့် အချိန်အထိ၊ အင်္ဂလိပ်များ ပြန်လည် ၀င်ရောက်လာပြီး လွတ်လပ်ရေး အတွက် ဆွေးနွေး ကြသည့် အချိန်အထိ တောင်တန်း ဒေသ နယ်မြေ သတ်မှတ်မှု များသည် ပြောင်းလဲမှု မရှိသည်ကို လည်းကောင်း၊ ကချင် တောင်တန်း ဒေသတွင် လက်ရှိ ကချင် ပြည်နယ်ဟု သတ်မှတ် ထားသည့် နယ်မြေ အားလုံး ပါဝင်ခြင်း မရှိသည်ကို လည်းကောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံ ညီလာခံ ကျင်းပသည့် အချိန်တွင် အလွန် အရေးကြီးသည့် အချက် ဖြစ်လာပါသည်။
အဏ္ဏ၀ါစစ်သည်
ပင်လုံညီလာခံအစ
ကချင်ပြည်နယ် ပေါ်ပေါက်လာသော သမိုင်းသည် ပင်လုံညီလာခံမှ စတင်ခြင်း ဖြစ်သောကြောင့် ပင်လုံညီလာခံ အကြောင်း အနည်းငယ် ပြန်ပြောဖို့ လိုပါသည်။ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ၁၉၄၇ ခုနှစ် ဇန်န၀ါရီလမှာ ဗိုလ်ချုပ်တို့ လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့ အချိန်တွင် နောက်ပိုင်းကနေ ရှမ်းစော်ဘွားများက ကန့်ကွက်စာ ပေးပို့ခဲ့တာ အားလုံး သိပြီး ဖြစ်ပါသည်။ သို့သော် ရှမ်းစော်ဘွားတွေလိုပင် ဗန်းမော် တောင်တန်း ဒေသက ကချင် ခေါင်းဆောင်များနဲ့ စော်ဘဦးကြီးရဲ့ ကရင် အမျိုးသား အဖွဲ့ချုပ်တို့က ဗိုလ်ချုပ်တို့ဟာ တောင်တန်းသားများကို ကိုယ်စား မပြုဘူး ဆိုပြီး ကန့်ကွက်တဲ့ ကြေးနန်းများ ပေးပို့ခဲ့သည်ကိုမူ သိသူ နည်းပါသည်။
လန်ဒန်မှာ ဆွေးနွေးနေချိန်တွင် ဗိုလ်ချုပ်တို့က လွတ်လပ်ရေး အကြိုကာလမှ ဗိုလ်ချုပ်တို့ ၀င်ပါနေသည့် ဘုရင်ခံ အလုပ် အမှုဆောင် အဖွဲ့ ( ၀န်ကြီးအဖွဲ့) ထဲမှာ တောင်တန်း ဒေသ ကိုယ်စားလှယ်များ ထည့်ဖွဲ့ပြီး ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကို ဖျက်ရန်၊ လွတ်လပ်ရေး ပေးသည့်အခါ တောင်တန်း ဒေသတွေကို ပြည်မနဲ့ ပေါင်းပြီး ပေးရန် ဆိုသည့် အချက်အပေါ် အခြေခံကာ ဆွေးနွေးခဲ့သည်။ သို့သော် အင်္ဂလိပ်ဘက် အထက်ပါ ကြေးနန်း သုံးစောင်ကို ပြပြီး တောင်တန်းသား များ၏ သဘောထားသည် ဗိုလ်ချုပ်တို့ ပြောသလို မဟုတ်ဟု ပြန်ဆွေးနွေး ခဲ့ပါသည်။ ထိုအချိန်တွင် ရှမ်းပြည် လူထု အစည်းအဝေးများ ကျင်းပပြီး စော်ဘွားများကို မထောက်ခံကြောင်း၊ ဗိုလ်ချုပ်တို့ကို ထောက်ခံကြောင်း ကြေးနန်းများ ပို့ခဲ့သော်လည်း အဆိုပါ ကြေးနန်း သုံးစောင်၏ အကျိုးဆက်ကို ပယ်ဖျက်ရန် မတတ်နိုင်ခဲ့ပါ။
ထို့ကြောင့် အောင်ဆန်း - အက်တလီ စာချုပ်တွင် မြန်မာဘက်က ဘုရင်ခံ အမှုဆောင် အဖွဲ့တွင် တောင်တန်းသားများ ထည့်သွင်းရန်နှင့် ပတ်သက်ပြီး ဗမာ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ ဆွေးနွေးသည့် အထူး ညီလာခံ ကျင်းပရန်၊ ထိုညီလာခံ ပြီးဆုံးပါက တောင်တန်းသားများ အနေဖြင့် ပြည်မနှင့် ပေါင်းပြီး လွတ်လပ်ရေး ယူလို မယူလို စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်းရန် ဆိုသည့် အချက် နှစ်ချက်ကို သဘောတူခဲ့ရသည်။ တနည်းအားဖြင့် တိုင်းရင်းသားများကို ဘုရင်ခံ အုပ်ချုပ်မှု အောက်မှ ဆွဲထုတ်ပြီး နိုင်ငံရေး အဆင့်မြှင့်ကာ ဘုရင်ခံ အစိုးရအဖွဲ့ အတွင်း သွတ်သွင်းရေး ကိုပင် စော်ဘွားများနှင့် ပြန်ဆွေးနွေး ရမည့်ဘ၀သို့ ရောက်သွား ခဲ့ရခြင်းဖြစ်၏။ ထိုသဘော တူညီချက် အရ ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံ ပြန်ရောက်ချိန်တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပင်လုံညီလာခံ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။
ကချင်ပြည်နယ်ရရှိရေးလှုပ်ရှားမှု
ပင်လုံညီလာခံကျင်းပရန် ပြင်ဆင်နေချိန်တွင် ကချင် ခေါင်းဆောင်များကလည်း ညီလာခံ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြ သည်။ သို့သော် ထိုအချိန်က ကချင် တောင်တန်း ဒေသတွင် မြစ်ကြီးနား ဒေသနှင့် ဗန်းမော် ဒေသဟု နှစ်ပိုင်း ကွဲနေသဖြင့် မြစ်ကြီးနား ဒေသ ကိုယ်စားလှယ် ၈ ဦး၊ ဗန်းမော် ကိုယ်စားလှယ် ၄ ဦးကို ကချင် လူကြီးများက ရွေးချယ်ခဲ့ကြသည်။ မြစ်ကြီးနား အဖွဲ့တွင် ဆမားဒူးဝါးဆင်ဝါးနောင်၊ ထိန်နန်းဂွန်ဂျာ၊ ဦးဖော်နော်၊ ဒူဝါဇော်ရစ်၊ ဦးကရိန်နော်၊ ဦးဒိန်ရတန်၊ ဦးချန်းဇုံးနှင့် ဦးထောင်ဥတို့ ပါဝင်ပြီး ဗန်းမော် အဖွဲ့တွင် ဒူဝါဇော်လ၊ ဒူဝါဇော်လွန်း၊ ဦးလဘန်လနှင့် ဦးလဘန်ဂရောင်တို့ ပါဝင်သည်။ ကချင် ကိုယ်စားလှယ်များ အကြားတွင် မြစ်ကြီးနား အဖွဲ့က ပြည်မနှင့် အတူ လွတ်လပ်ရေး ယူလိုသည့် သဘောထား ရှိပြီး ဗန်းမော်အဖွဲ့က အင်္ဂလိပ် လက်အောက်တွင်ပင် ဒိုမီနီယံ အဆင့်ဖြင့် နေလိုသည့် သဘောထား ရှိသည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာတွင် ကိုယ်စားလှယ် အဖွဲ့များ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒူဝါဇော်လွန်း ခေါင်းဆောင်သည့် ဒိုမီနီယံ အဆင့်ဖြင့် နေထိုင်လိုသူများက အကယ်၍ ပြည်မနှင့် တစ်ပါတည်း လွတ်လပ်ရေး ယူရမည် ဆိုပါက ကချင် ပြည်နယ် အဖြစ်ပါဝင်ရန်၊ ကချင် ပြည်နယ် အတွင်းသို့ လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ကသာ မြောက်ပိုင်းနှင့် ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသ များပါ ထည့်သွင်း သတ်မှတ်ရန် တောင်းဆိုခဲ့သည်။ ထိုတင်ပြချက်များ အပေါ် ဆွေးနွေးပြီး နောက် အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ကြ သည်-
၁။ မြန်မာပြည်မနှင့်အတူလွတ်လပ်ရေးယူရန်။
၂။ ကချင်အမျိုးသားများအတွက် ကချင်ပြည်နယ်သီးခြားထူထောင်ရန်။
၃။ ကချင်ပြည်နယ်၌ လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင် တစ်ခုလုံးနှင့် ကသာ မြောက်ပိုင်း မြေပြန့်ဒေသများပါ ပါဝင်စေရန်။
၎။ ကချင်နှင့်ဗမာနှစ်ဘက်ကြား နယ်နမိတ် သတ်မှတ်ရေးကို ဆွေးနွေးရန်။
ဖဆပလအဖွဲ့ချုပ်နှင့် ပင်လုံညီလာခံ
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလ အဖွဲ့ချုပ်အနေဖြင့် ပင်လုံညီလာခံသို့ တက်ရောက်ချိန်တွင် ကန့်သတ်ချက် နှစ်ခု သို့မဟုတ် ဖိအားပေးမှု နှစ်ခုနှင့် တက်ရောက် ရသည်ဟု ဆိုနိုင်ပါသည်။ ပထမတစ်ခုမှာ ဗိုလ်ချုပ် အနေဖြင့် ပြည်သူများအား တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိအောင် လုပ်မည်ဟု ကတိ ပေးထားခဲ့မှု ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မတိုင်မီ အခြေခံဥပဒေ တစ်ခုရှိပြီး လွတ်လပ်ရေး ရယူနိုင်ရမည် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ပင်လုံ ညီလာခံ ပြီးပါက အင်္ဂလိပ်နှင့် ဖဆပလအဖွဲ့ချုပ်တို့ပူးပေါင်းဖွဲ့စည်းမည့် တောင်တန်း ဒေသ စုံစမ်းရေး အဖွဲ့က ကြားနာမှုများ စတင် ပြုလုပ်တော့မည် ဖြစ်ပါသည်။ ထိုအချိန် မတိုင်မီ တိုင်းရင်းသား များဘက်က ပြည်မနှင့် ပေါင်းပြီး လွတ်လပ်ရေး ယူမည် ဆိုသည့် သဘော တူညီချက်ရန် အရေးကြီး နေပါသည်။ အဆိုပါ ကန့်သတ်ချက် နှစ်ခုကြောင့် ပင်လုံ ညီလာခံတွင် ဆွေးနွေး သည့်အခါ ဖဆပလ ခေါင်းဆောင် များဘက်တွင် အားနည်းမှု တစ်ချို့ ရှိနေသည်ဟု ဆိုလျှင် မှားမည် မထင်ပေ။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပင်လုံညီလာခံ ဆွေးနွေးမှုများ စတင်သည်နှင့် ကချင် ကိုယ်စားလှယ် အဖွဲ့က ကချင် ပြည်နယ်ကို လက်ရှိ ကချင် တောင်တန်း ဒေသများ သာမက ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင် တစ်ခုလုံးနှင့် ကသာ မြောက်ပိုင်း မြေပြန့် ဒေသများပါ ပါဝင် ဖွဲ့စည်းရေးကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ် အနေဖြင့် ကချင်ပြည်နယ် ဖွဲ့စည်းရေးကို သဘောတူ သော်လည်း ကချင် ကိုယ်စားလှယ်အဖွဲ့ တောင်းဆိုသည့် ဗန်းမော်နှင့် မြစ်ကြီးနား ခရိုင်မှ ကျန်ဒေသများ၊ ကသာ မြောက်ပိုင်း ဒေသများတွင် နေထိုင်သူ အများစုမှာ ရှမ်း၊ ဗမာများ ဖြစ်နေခြင်း၊ အဆိုပါ ဒေသများမှာ ၁၉၃၅ ဥပဒေအရ အပိုင်း ၂ ဇယားဝင် ဒေသများ ဖြစ်နေသဖြင့် ကချင် တောင်တန်း ဒေသများ ပါဝင်နေသည့် အပိုင်း ၁ ဇယားဝင် ဒေသများ အတွင်းသို့ ပြောင်းပေးရန် မဖြစ်နိုင်ခြင်း တို့ကြောင့် ကချင် ပြည်နယ်ကို မူလ သတ်မှတ် ထားသည့် အတိုင်း ကချင် တိုင်းရင်းသားများ နေထိုင်သည့် ကချင် တောင်တန်း ဒေသများဖြင့်သာ ဖွဲ့စည်းရန် ဆန္ဒရှိခဲ့သည်။
သို့သော် ကချင်ခေါင်းဆောင်ဒူဝါဇော်လွန်းက အထက်ပါ တောင်းဆိုချက်ကိုသာ ဆွဲကိုင်ပြီး တောင်းဆို နေသဖြင့် ဆွေးနွေး ပွဲမှာ ရှေ့မတိုးနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်က စိတ်ဆိုးပြီး ရန်ကုန် ပြန်မည်ဟု စီစဉ်သည့် အချိန်ကျမှ ဖဆပလ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အစည်းအဝေး ပြန်ထိုင်ပြီး ဗိုလ်ချုပ်ထံ အဆိုပြုချက် အသစ်များ တင်ပြခဲ့ရာ နောက်ဆုံးတွင် ဗိုလ်ချုပ်က အောက်ပါ အတိုင်း သဘောတူညီခဲ့သည်-
၁။ ကချင်ပြည်နယ်တွင် မည်သည့် ဒေသများ ပါဝင်ရမည်ကို ဖော်ပြခြင်း မပြုဘဲ ကချင်ပြည်နယ် ထူထောင်ရေးကို မူအားဖြင့် သဘောတူသည်။
၂။ ကချင်ပြည်နယ် ထူထောင်ရေးကို ဖဆပလက လက်ခံလာအောင် မိမိရှင်းပြမည်။
၃။ ကချင်ပြည်နယ် အတွင်း ပါဝင်ရမည့် ဒေသများ သတ်မှတ်ရေးကို တိုင်းပြည်ပြု လွှတ်တော်တွင် စဉ်းစား ဆုံးဖြတ်မည်။
ဒီလိုသဘောတူညီခဲ့တဲ့ အတွက် ပင်လုံစာချုပ်မှာ ကချင်ပြည်နယ် အနာဂတ်နဲ့ ပတ်သက်ပြီး ပူးပေါင်း ထားပြီးသည့် ဤမြန်မာ ပြည်အတွင်း သီးသန့် ကချင်ပြည်နယ် တခု နယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တခု ထားရှိ သင့်ကြောင်းကို သဘောတူညီကြသည်၊ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမ ခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံတော် အစိုးရ အက်ဥပဒေ အရ နောက်ဆက်တွဲပါ စာရင်းပါအပိုင်း (၂) ဒေသများ ကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ် ဒေသ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေး တိုင်ပင်ရမည်၊ ဟု ထည့်သွင်း ဖော်ပြခဲ့သည်။ ဒါ့ကြောင့် ပင်လုံစာချုပ် ချုပ်တဲ့အချိန်မှာ ကချင် ပြည်နယ် ရှိသင့်တယ်လို့ လက်ခံပေမယ့် ကချင် တိုင်းရင်းသားတွေ တောင်းသလို မြေပြန့်ဒေသများ ထည့်သွင်းပေးဖို့ ဆိုတာကို သဘော မတူခဲ့ကြသည်ကို တွေ့နိုင်ပါသည်။
တောင်တန်းဒေသစုံစမ်းရေးအဖွဲ့
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ် ခေါင်းဆောင်တဲ့ ဘုရင်ခံ အမှုဆောင် အဖွဲ့ ( ၀န်ကြီးအဖွဲ့က ) Ress William ခေါင်းဆောင်တဲ့ တောင်တန်း ဒေသ စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ပါသည်။ ထိုစုံစမ်းရေး အဖွဲ့က တောင်တန်း ဒေသရှိ တိုင်းရင်းသားများနှင့် သာမက ကချင် ပြည်နယ် အတွင်း ထည့်သွင်း ဖွဲ့စည်းရန် တင်ပြထားသည့် ဒေသ များမှာ ဗမာ၊ ရှမ်းတိုင်းရင်းသားများနှင့်ပါ တွေ့ဆုံခဲ့သည်။ ဗန်းမော် ခရိုင် အပိုင်း၂ ဇယားဝင် ဒေသများတွင် နေထိုင်သည့် ရှမ်း၊ ဗမာများ၏ ကိုယ်စားလှယ် အဖွဲ့( ဦးဘိုးတီ၊ ဦးစောရီ၊ ဦးဘအောင်၊ ဦးစောရီ ) တို့က ကချင် ပြည်နယ် အတွင်း မြေပြန့် ဒေသများ ဖွဲ့စည်းမည့် အစီအစဉ်ကို သဘော မတူကြောင်း၊ ထိုဒေသများတွင် နေထိုင်သည့် ပြည်သူများထံမှ လူထု ဆန္ဒခံယူ သင့်ကြောင်း တင်ပြခဲ့သည်။ မိုးကောင်း၊ မိုးညှင်းဒေသမှ ကိုယ်စားလှယ် များကလည်း အထက်ပါ အတိုင်း ထွက်ဆိုခဲ့ကြသည်။
ထို့ကဲ့သို့ အပိုင်း၂ ဒေသရှိပြည်သူများ၏ ပြင်းပြင်း ထန်ထန် ဆန့်ကျင်မှုကြောင့် ဧပြီလ ၂၄ ရက်နေ့တွင် စုံစမ်းရေး အဖွဲ့က အစီရင်ခံစာ တင်သွင်းသည့် အခါ ကချင် ပြည်နယ် အတွင်း အပိုင်း ၂ ဇယားဝင် ဒေသများ ပါဝင် ဖွဲ့စည်းသင့်၊ မသင့်ဆိုသည့် ပြဿနာကို တိုင်းပြည်ပြု လွှတ်တော်တွင် ဆွေးနွေးသင့်ကြောင်း၊ အဆိုပါ ဒေသနေ ပြည်သူများ၏ ဆန္ဒကိုလည်း ထည့်သွင်း စဉ်းစား သင့်ကြောင်းသာ ဖော်ပြပေးခဲ့သည်။
၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကချင်ပြည်နယ်
၁၉၄၇ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရာ ဖဆပလ က လူထု ထောက်ခံမဲ ၉၅% ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဇွန်လ ၁၇ ရက်နေ့တွင် လွှတ်တော်က အခြေခံ ဥပဒေ ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်ချက် ၇ ချက်ကို ချမှတ်ပေးပြီး ၅၅ ဦးပါ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထို ကော်မတီတွင် ရှမ်းကိုယ်စားလှယ် ခြောက်ဦး၊ ကရင် ကိုယ်စားလှယ် ငါးဦး၊ ကချင် ကိုယ်စားလှယ် သုံးဦး၊ ချင်း ကိုယ်စားလှယ် သုံးဦးနှင့် သံလွင် ခရိုင် ကိုယ်စားလှယ် တစ်ဦး ပါဝင်ခဲ့သည်။ ထိုကော်မတီ တွင်လည်း ဒူဝါဇော်လွန်းက မူလ တောင်းဆို ထားသည့် နယ်မြေ အားလုံးကို ကချင် ပြည်နယ် အတွင်း ထည့်သွင်း ပေးရန်နှင့် ခွဲထွက်ခွင့် အခွင့်အရေးကိုလည်း ကချင် ပြည်နယ်ကိုပါ ပေးအပ်ရန်နှင့် ထိုအချက်များ မရပါက ကော်မတီ အစည်းအဝေးမှ သပိတ်မှောက် ထွက်ခွာမည် ဖြစ်ကြောင်း ထပ်မံ ခြိမ်းခြောက်ခဲ့ပါသည်။
ထိုအခြေအနေအပေါ် စိတ်ပျက်သောကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်က ကော်မတီဝင်များ ဖြစ်သည့် ဦးဖေခင်နှင့် ဦးဘဆွေထံသို့ အောက်ပါ အတိုင်း စာရေးခဲ့သည်- (တိုင်းရင်းသား လူမျိုးများ အရေးနှင့် ၄၇ အခြေခံ ဥပဒေစာအုပ်၊ စာမျက်နှာ ၇၆၅)
ဒီနေ့ ဂျင်းဖောများနဲ့ အစည်းအဝေးကို ခင်ဗျားတို့ပဲ ဆက်လက် ဆွေးနွေးကြပါ။ ကျွန်တော် မလာတော့ဘူး။ အရင်က ပြောထားတာ ထက်တော့ လျှော့လို့ မဖြစ်တော့ဘူး၊ အခု လျှော့တာတောင် တိုင်းပြည်က ဘာပြောဦးမယ် မသိဘူး။ ပြီးတော့ ဒီလို ပေးတယ် ဆိုတာကလဲ တစ်ဦးနဲ့ တစ်ဦး ပေါင်းမယ် ဆိုလို့သာ ပေးတာပဲ။ သို့မဟုတ်ရင် ကျုပ်တို့ပေးနိုင်မှာ မဟုတ်ဘူး။ xxxxxxxxx ဘာပဲဖြစ်ဖြစ် သူတို့ကိုတော့ နယ်နဲ့ ပတ်သက်ရင် သည့်ထက် မပိုနိုင်တော့ဘူး။ We have reached the limit of our concession ဆိုတာ ပြောပြလိုက်ပါ
ထိုစာသည် အခြေခံဥပဒေ ရေးဆွဲရေးနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် နောက်ဆုံး ပြောကြားခဲ့သည့် သဘောထား ဖြစ်မည်ဟု ထင်ပါသည်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်တွင် ဖဆပလ အဖွဲ့ကြီးသည် မူလ ကတိအတိုင်း လွတ်လပ်ရေး အရယူရန်နှင့် အင်္ဂလိပ်တို့ ဘက်မှ သဘောထား မပြောင်းမီ နု- အက်တလီ စာချုပ်ကို လက်မှတ် ထိုးနိုင်ရန် လုံးပမ်းခဲ့ရပါသည်။ ထို့ကြောင့် အခြေခံ ဥပဒေ အမြန် ပြီးစီးအောင် လုပ်ဆောင်ခဲ့ ရသည်။ ကချင် ပြည်နယ် ကိစ္စကိုလည်း လူထု ဆန္ဒခံယူပွဲတွေ မလုပ်နိုင်ဘဲ ဗမာနဲ့ ကချင် နိုင်ငံရေး ခေါင်းဆောင်တွေ ညှိပြီး သဘောတူခဲ့ ရပါသည်။ ဒါ့ကြောင့် ကချင် ခေါင်းဆောင်များ တင်ပြတဲ့ အပိုင်း ၂ ဇယားဝင် ဒေသများသည် ကချင် ပြည်နယ်ထဲမှာ ပါလာသည်။။ ထိုဒေသများမှာရှိတဲ့ ရှမ်း၊ဗမာများရဲ့ ဆန္ဒကို မယူဘဲ ဒီဒေသ တွေကို ကချင်ပြည်နယ် အတွင်း သွင်းခဲ့တဲ့ အတွက် ကချင်များ ဘက်ကလည်း ကချင်ပြည်နယ်ရဲ့ ခွဲထွက်ခွင့်ကို စွန့်လွှတ်ရန်၊ လူမျိုးစု လွှတ်တော်တွင် ကချင်ပြည်နယ် အတွက် လျာထားသော ၁၂ နေရာအနက် ၆ နေရာကို ကချင် မဟုတ်သူများကို ခွဲဝေပေးရန် တို့ကို သဘောတူခဲ့ရသည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်သည့် တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးတွင် ယခင်က မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်ဟု ခေါ်တွင်ခဲ့သော ဒေသ အားလုံးကို ကချင်ပြည်နယ် အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ပြီး အခြေခံ ဥပဒေတွင်လည်း ၎င်းအတိုင်း ထည့်သွင်း ရေးဆွဲခဲ့သည်။
နောင် ၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေများ ရေးဆွဲဖို့ လုပ်သည့် အခါတွင်လည်း ကချင် ပြည်နယ် အရေးပြန်ပေါ် လာ သည်။ ၇၄ အခြေခံဥပဒေ အတွက် လူထုထံမှ အကြံပြုချက်များ တောင်းစဉ် ကာမိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ အင်းတော် ဒေသများကို ရှမ်းနီပြည်နယ် အဖြစ် သတ်မှတ် ရေးဆိုသည့် လှုပ်ရှားမှု ပေါ်ခဲ့သည်။ ထိုအကြံပြုချက်များကို အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက လက်မခံသည့် အတွက် ဗကပများ ထိုဒေသ အတွင်းသို့ ဆက်သွယ် ခေါ်ယူ လှုပ်ရှားရန် ကြံစဉ်မှုများ ပေါ်လာသဖြင့် အရေးယူခဲ့ရသည်။ ၂၀၀၈ ခုနှစ် ဥပဒေ အတွက် အမျိုးသား ညီလာခံ ကျင်းပချိန်တွင်လည်း ထိုဒေသများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အဖြစ် သတ်မှတ်ရေး တင်ပြမှုများ ရှိသည်ဟု ကြားရသည်။ အသေအချာတော့ မသိ။
ဘာပဲဖြစ်ဖြစ် ကချင်တိုင်းရင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောသည့် အတွက် ကချင် ပြည်နယ်ဟု ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုပြည်နယ်သည် ကချင် တစ်မျိုးတည်း နေသည့် ပြည်နယ် မဟုတ်။ ကချင် ပြည်နယ်နေ့ကို ကချင် မနောပွဲ တစ်ခုတည်းဖြင့် ကိုယ်စားပြု၍ မရ။ ကချင် ပြည်နယ်၏ အနာဂတ်သည် ကေအိုင်အို တစ်ဖွဲ့တည်းနှင့် သက်ဆိုင်သည် မဟုတ်။ ကချင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး ပင်လုံစာချုပ်ကို ညွှန်းမည် ဆိုလျှင် ပင်လုံစာချုပ်တွင် ကချင် ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်ကို တိတိကျကျ သိဖို့ လိုသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ သမိုင်းကို ဝေမျှပေး လိုက်ခြင်းသာ ဖြစ်ပါသည်။
အဏ္ဏ၀ါစစ်သည်
Ndai laika hte seng nna command jaw da ai ni (matsa hkat) ai ni hpe hti mayu yang ndai kaw dip u Command hti na matu
ndai kaw dip u